သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: လူသားတစ်ယောက်ဖြစ်သည်

Saturday, May 26, 2012

လူသားတစ်ယောက်ဖြစ်သည်

ကျွန်တော်သည်
တစ်နေ့တွင်…ကျွန်တော့်ထံသို့…
ကံကောင်းခြင်းများစွာရောက်ရှိလာလိမ့်မည်ဟု ယုံကြည်နေသော
သာမန်လူငယ်တစ်ယောက်သာဖြစ်ပါသည်။
ကျွန်တော်သည်
ကိုယ့်မှာမရှိသည့်အရာများကို
အမြဲတစေ တောင့်တနေတတ်သော
လူထဲက လူတစ်ယောက်လည်းဖြစ်ပါသည်။
ကျွန်တော်သည်
လေထဲကအိမ်များနှင့်အတူ
ဆန္ဒနှင့်ဘ၀ ကွဲလွဲစွာရှင်သန်နေသော
ခပ်ညံ့ညံ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါသည်။
ကျွန်တော်သည်
စိတ်ထဲရှိသမျှ လျှောက်ရေးပြီး
ကဗျာဟု ခေါင်းစဉ်တပ်နေတတ်သော
စာရူးတစ်ယောက်လည်း ဖြစ်ပါသည်။
ကျွန်တော်သည်
ထူးခြားစွာပင်
မိန်းမလှလေးတစ်ယောက်၏ အချစ်ကို ပိုင်ဆိုင်ထားသော
သူရဲဘောကြောင်သူ တစ်ယောက်လည်း ဖြစ်ပါသည်။
ကျွန်တော်သည်
မိဘကိုချစ်ကြောင်း ပြောတတ်ပြီး
ဘယ်တော့မှ ကျေးဇူးမဆပ်နိုင်သည့်
အဖြစ်မရှိသော သားတစ်ယောက်လည်း ဖြစ်ပါသည်။
ကျွန်တော်သည်
သူငယ်ချင်းကောင်းများကိုသာ လိုချင်ပြီး
သူငယ်ချင်းကောင်းများစွာရှိသော
သူငယ်ချင်းကောင်း မဟုတ်သူတစ်ယောက်လည်း ဖြစ်ပါသည်။
ကျွန်တော်သည်
မသိမတတ်သည်များကို သိချင်ယောင်ဆောင်နေတတ်ပြီး
တွေ့ရာလူကို သြ၀ါဒ ခြွေနေတတ်သော
အန္ဓဗာလ တစ်ယောက်လည်း ဖြစ်ပါသည်။
ကျွန်တော်သည်
လူ့လောကသို့ ခဏတဖြုတ်လာပြီး
ဆေးလိပ်ဖွာရင်း နေညိုချိန်ကို စောင့်ကြည့်နေသော
ဧည့်သည်တစ်ယောက်လည်းဖြစ်ပါသည်။
ကျွန်တော်သည်
တောက်ပသော ရှင်သန်မှုအတွက်
မည်သည့် အကျိုးကျေးဇူးမျှ မသက်ရောက်နိုင်သော
မဆီမဆိုင်များကို တွေးတောနေတတ်သည့်
အူကြောင်ကြောင် ငနဲတစ်ကောင်လည်း ဖြစ်ပါသည်။
အခု…
ကျွန်တော် စိတ်ဆင်းရဲနေပါသည်။
ကျွန်တော်သည်
ဘယ်သူ့အားကိုးဖြင့်
ဒီလောက် ရုပ်ဆိုးနေမှန်းမသိပါ။
ထို့ကြောင့်…
ကျွန်တော်သည်
……………………………..။ ။

သွေးခန့်
(29.8.2011)

No comments:

Post a Comment