အင်္ဂလိပ်စကား ပြောဆိုရာမှာ သဒ္ဒါ ကို အာရုံစိုက်လိုက်ရင် စကားပြောတာ
တုန့်သွားပါတယ်၊ နှေးသွားပါတယ်။ အင်း၊အဲ နဲ့ သဒ္ဒါစီနေလိုက်တာ နောက်ဆုံး
ဘယ်လိုပြောရမှန်း မသိတော့တာတောင် ဖြစ်သွားတတ်ပါတယ်။ ဒီတော့ အင်္ဂလိပ်စာမှာ
သဒ္ဒါမလိုတော့ဘူးလား။ လိုပါတယ်။အရေးလည်းပါ ပါတယ်။ ရေးသားဖို့၊ အင်္ဂလိပ်စာနဲ့
ရေးဖြေစာမေးပွဲဖြေဖို့တွေမှာ အလွန်လိုအပ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်
စကားပြောမှာတော့ မလိုပါဘူး။ ကိုယ့်ရည်ရွယ်ချက်ကို သေချာသိရပါမယ်။
အင်္ဂလိပ်စကားကို ကောင်းကောင်းပြောနိုင်ချင်တာလား၊ ချောချောမွေ့မွေ့
သွက်သွက်လက်လက်ပြောနိုင်ချင်တာလား။ ဒါဆို သဒ္ဒါကို လွှတ်လိုက်ပါ။ listening
skill ကို အသားပေးပါ။ listening skill ရဲ့ အံ့သြစရာကောင်းတဲ့အချက်က
ဘာအဓိပ္ပာယ်မှ မသိတဲ့ အင်္ဂလိပ်စာပိုဒ်ကိုတောင် နားထောင်ပါများလာရင် အလိုလို
နားလည်လာတာပါ။ တစ်ခါတစ်လေနားထောင်ရုံနဲ့ မသိသာပါဘူး။ မယုံရင် Audio lesson
တစ်ခုလောက်ကို Text မဖတ်ပဲ နားထောင်ယုံပဲထောင်ကြည့်ပါ။ တစ်နေ့ ၂ခါ၊ ၃ခါ
ပေါ့။ ၁ပတ်လောက်ပေါ့။ နည်းနည်းလေးမှ အကျိုးမထူးဘူးဆိုရင် ကြိုက်သလိုသာ
လာပြောတော့။ ကိုယ်က သေချာလုပ်ဖို့တော့ လိုမယ်နော်။ နားထောင်ရင်း၊
လိုက်ပြောရင်းနဲ့ ဘယ်နေရာမှာ ဘယ်လိုသုံးတတ်တယ်ဆိုတာကို
အလိုအလျောက်သိလာပါလိမ့်မယ်။ အလိုအလျောက်သိလာတော့ ပြောတဲ့အခါမှာလည်း
အလိုအလျောက်ထွက်သွားရောပေါ့။ Don’t focus on grammar rules ။ ဟာ
…မဟုတ်ဘူးဗျ၊ ကျွန်တော်/ကျွန်မ ကတော့ အင်္ဂလိပ်သဒ္ဒါကို သင်ချင်တာ၊ ရေးချင်တာ၊
ဖတ်ချင်တာ။ ဒါဆိုရင်တော့ အင်္ဂလိပ်စကားပြောသင်တန်း လာတက်တာကိုက မှားနေပြီ
မဟုတ်လား။ Grammar သင်တန်းကို သွားတက်ရမှာ။ ဒီလို ကိုယ်လိုချင်တာ ဘာလဲလို့
အသေအချာမသိပဲနဲ့တော့ ဘယ်အပိုင်းမှာမှ လိုရင်းရောက်မှာ မဟုတ်ဘူးဗျ။
သဒ္ဒါအသားပေးလွန်းသူတွေကတော့ ပြောမှာပေါ့။ ဟ..ဘယ်ဘာသာစကားဖြစ်နေပါစေ သဒ္ဒါက
အရေးအကြီးဆုံးကွ၊ သဒ္ဒါကို ပယ်ထားရင် ဘာတတ်တော့မှာလဲ ပေါ့။ ဟုတ်တယ်။မှန်တယ်။
ဒါပေမယ့် ကျွန်တော် အခုသွားနေတဲ့လမ်းက အင်္ဂလိပ်စာ သင်မှာမဟုတ်ဘူး။
အင်္ဂလိပ်စကားပြော သင်ချင်တာ။ သဒ္ဒါလည်းပိုင်တယ်၊ စကားပြောလည်းကောင်းတယ်တဲ့။
ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူပြောရင် စာအုပ်ဖတ်နေသလို တောင့်တောင့်ကြီး။
ရယ်စရာပြောလို့လည်း မပေါ့ပါး။ ဘာပြောပြော ထူးမခြားနားကြီး။ တစ်ခြားဘာသာနဲ့
ရိုက်ထားတဲ့ ရုပ်ရှင်ကို နောက်ခံစကားပြောထည့်ထား သလိုမျိုး
အံမ၀င်ဘူးဖြစ်နေတယ်။ ဒီတော့ အင်္ဂလိပ်စကားကို သက်တောင့်သက်သာ၊ ပေါ့ပေါ့ပါးပါး
ပြောနိုင်ဖို့ grammar ပေါ်ကို အာရုံမစိုက်ပါနဲ့လို့ အကြံပြုချင်ပါတယ်။
သွေးခန့်
Ref: Effortless English Club's Lessons
No comments:
Post a Comment