တစ်ခုခုကို သင်ကြားတဲ့အခါ နည်းနည်းသိနေတဲ့သူနဲ့ လုံးဝမသိတဲ့သူ ဘယ်သူက
ပိုပြီးအတတ်မြန်တတ်ပါသလဲ။ သင်ပေးမယ်ဆိုရင်ရော ဘယ်သူက ပိုပြီးသင်လို့လွယ်မယ်
ထင်ပါသလဲ။ သေချာပါတယ်။ ဘာမှမသိတဲ့သူက ပိုပြီး အတတ်မြန်တတ်တာပါပဲ။
နကန်းတစ်လုံးမှမသိတဲ့သူက ကိုယ့်ထက်သာသွားတဲ့အခါမှာ ခံပြင်းဖူးကြမှာပေါ့။
သိပ်ခံစားမနေပါနဲ့။ ဒီသဘောတရားကြောင့်ပါ။
အင်္ဂလိပ်စကားပြောတာနဲ့ပဲ ပြောကြည့်ကြရအောင်။ ဘာမှမသိတဲ့ကလေးတစ်ယောက်နဲ့
ကျွန်တော်ပေါ့လေ။ ကျွန်တော်တို့ ၂ယောက်ကို နိုင်ငံခြားသားတစ်ဦးက
အင်္ဂလိပ်စကားလာပြောတဲ့အခါ တုန့်ပြန်မှုက ဒီလိုတွေ့ရပါလိမ့်မယ်။ ကလေးက သူဘာမှ
မသိတဲ့စကားနဲ့ လာပြောနေတဲ့အတွက် သေချာအာရုံစိုက်နားထောင်နေပါလိမ့်မယ်။
ကျွန်တော်ကတော့ နည်းနည်းသိနေတဲ့အတွက် တတ်နိုင်သမျှပြန်ပြောဖို့
ကြိုးစားပါလိမ့်မယ်။ ဒီပုံစံဟာ အင်္ဂလိပ်စကားပြော သင်ယူရာမှာ အရွယ်ရောက်သူတွေ
သင်ယူရခက်ခဲရခြင်း အကြောင်းတစ်ရပ်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ နည်းနည်းသိတဲ့အရာတစ်ခုကို ကြား၇တဲ့အခါမှာ
နားထောင်ဖို့ထက် တစ်ခုခုပြန်ပြောဖို့ ပိုအာရုံစိုက်တတ်ကြတာကို
သတိပြုမိပါရဲ့လား။ ဟုတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ပါ ပါတယ်။
အရွယ်ရောက်လေ့လာသူ(adult learner)တွေ အားလုံးနီးပါး ပါပဲ။ ဒီအခါမှာ
ကျွန်တော်တို့ မသိတဲ့အရာကို ရယူဖို့ထက် သိသမျှလေးထုတ်သုံးဖို့
အခြေအနေများသွားပါတယ်။ ဒီတော့ ဘာမှ ထပ်မရတော့ဘူးပေါ့။
ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးအတုယူစရာကတော့ ကလေးတွေရဲ့
သင်ယူပုံကိုပဲ ဖြစ်ပါတယ်။ ကလေးတွေဟာ တစ်ခုခုကို ပြောတတ်ချင်တဲ့အခါ
သေချာအာရုံစိုက်နားထောင်တတ်ကြပါတယ်။ ဘယ်လိုပြောရတာလဲ၊ ဘယ်လိုပြောသွားတာလဲ၊
ဘာအဓိပ္ပာယ်လဲ စတာတွေကို သူတို့တွေးလေ့မရှိပါဘူး။ နားထောင်ရုံ သက်သက်ပဲ
အာရုံစိုက်ကြပါတယ်။ နားရည်ဝလာတဲ့အခါ သူ့ပါးစပ်ကနေ အဲ့ဒီစကားလုံးတွေကို
အလိုအလျောက် ပြောထွက်လာပါတော့တယ်။ တစ်ပြိုင်နက်တည်းမှာပဲ အဓိပ္ပာယ်ကို
သူနားလည်ပြီးဖြစ်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ ငယ်စဉ်က မိခင်ဘာသာစကားကို
သင်ယူခဲ့ကြတဲ့ ပုံစံလည်းဖြစ်ပါတယ်။ Listen skill ရဲ့ ထိရောက်ပုံ၊ အရေးပါပုံ
တွေကို ဒီမှာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီကနေ ကျွန်တော်တို့
အရွယ်ရောက်လေ့လာသူတွေအနေနဲ့ အကြီးမားဆုံးအကျိုးအမြတ်တစ်ခုကို
ရရှိနိုင်ပါလိမ့်မယ်။ အဲ့ဒါကတော့ listen skill ကို ဦးစားပေးပြီး
လေ့လာခြင်းအားဖြင့် Native speaker တွေလို အလိုအလျောက်ပြောဆိုလာနိုင်တယ်
ဆိုတဲ့အချက်ပါပဲ။
ဒီမှာ တစ်ခုပြောဖို့လိုလာပါပြီ။ အင်္ဂလိပ်စကားပြောတဲ့အခါ မရှက်ကြဖို့၊
ရဲရဲကြီး ပြောချလိုက်ဖို့ အကြံပြုခဲ့ဖူးပါတယ်။ ဒီမှာကျတော့ ဘာမှမပြောတာ
ကောင်းတယ်လို့ပြောပြန်ပါပြီ။ ဘာကိုဆိုလိုနေတာပါလဲ။ ဟုတ်ကဲ့။ လေ့လာတဲ့အခါမှာ
lessons set တွေထဲက ပြောပုံဆိုပုံတွေကို နားရည်ဝအောင်နားထောင်သင့်ပါတယ်။
တစ်ခုခုပြောကြည့်ဖို့၊ သိထားသမျှ ဖွင့်ပြောဖို့ထက် နားထောင်တဲ့အလုပ်ကိုပဲ
အာရုံစိုက်လုပ်သင့်ပါတယ်။ ပြောဖို့အကြောင်းပေါ်လာပြီ။ ဒီအခါမှာတော့
ရှက်၇ွံ့မနေပဲ ပြောချလိုက်ပါတော့။ ဆိုလိုရင်း အဓိပ္ပာယ်ကွာခြားတာကို
သတိပြုသင့်ပါတယ်။
ကျွန်တော် အခုပြောနေတဲ့ ဦးတည်ချက်က အင်္ဂလိပ်စကားပြောတဲ့အခါ Native
speaker တွေလို ချောချောမွေ့မွေ့ ပြေပြေပျစ်ပျစ်ပြောနိုင်အောင်၊
ပုံမှန်စကားပြောနေသလို အထူးတလည် အားစိုက်ထုတ်မနေရပဲ အလိုအလျောက်
သက်တောင့်သက်သာပြောနိုင်အောင်ပဲ ဖြစ်ပါတယ်။ သာမန်ပြောနိုင်ရုံဆိုရင်တော့
ဒီအချက်တွေကို ခေါင်းထဲမထည့်ထားလည်းရပါတယ်။ သဒ္ဒါနည်းကျကျ
မှတ်စုထဲမှာချရေးထားတဲ့ စာကြောင်းကြီးအတိုင်း ကောက်ရွတ်လိုက်ရုံပေါ့။
အခြေအနေတိုင်းအတွက် ဘယ်လိုပုံစံ၊ ဘယ်လိုဝါကျတွေနဲ့ပြောရမယ်ဆိုတာ
မှတ်သားထားပြီးသားပဲ။ ကျက်ထားတာမေ့သွားတော့လည်း ပြောတာကိုရပ်ပြီး အင်း၊အဲ
ဆိုပြီး စဉ်းစားလိုက်တာပေါ့။ လုံးဝဆက်မပြောတတ်တော့လည်း ပခုံးလေးတွန့်ပြီး
ပြုံးပြလိုက်ရုံပေါ့။ ဒီလိုမဟုတ်ပဲ တတ်နိုင်သမျှ အလိုအလျောက်ဖြစ်အောင်၊
Native speaker တွေနီးနီးပြောနိုင်အောင် လေ့လာသင်ယူထားသူတွေ အဖို့တော့
ပြောနေရင်နဲပ ခေါင်းစဉ်တွေ ဘယ်လောက်ပြောင်းနေပါစေ သက်သက်သာသာပါပဲ။
လိုက်မပြောနိုင်စရာမရှိပါဘူး။ စဉ်းစားနေရတာ၊ စာကြောင်းစီနေရတာ၊
ဘာသာပြန်နေရတာတွေလည်း မရှိပါဘူး။ ဘယ်အရသာက ပိုကောင်းတယ်ဆိုတာကတော့
အင်္ဂလိပ်စကားပြောကို လေ့လာပြီး အင်္ဂလိပ်စကားကို ပြောဖြစ်နေသူတိုင်း သိပါတယ်။
အထူးဖော်ပြနေဖို့လိုမယ်မထင်တော့ပါဘူး။
သွေးခန့်
Ref: Effortless English Club's Lessons
No comments:
Post a Comment