ကျေးဇူးတင် စကားများဘာခက်လို့လဲ။ သိပ်ပြောတတ်ပေါ့ လို့ တွေးနေကြပြီလား။
တတ်ပေမယ့် မပြောတာဟာ ကျေးဇူးတင်စကားပြောရာမှာတော့ ဆိုးရွားတဲ့ရန်သူပါပဲ။
အလေးထားထိုက်တဲ့ လက်ခံရရှိမှုမှန်သမျှကို ပြောသင့်ပြောထိုက်တဲ့
ကျေးဇူးတင်စကားနဲ့ တုန့်ပြန်ခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ပါတယ်။ ကျွန်တော်
အခုပြောနေတာက ကျေးဇူးတင်စကားအကြောင်းဖြစ်ပါတယ်။ ကျေးဇူးတရား၊
ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးကန်းခြင်း စတာတွေနဲ့ မရောထွေးစေချင်ပါဘူး။ ကဲ
စဉ်းစားကြည့်ရအောင် ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို
ဘယ်နှစ်ခါလောက် ပြောခဲ့ကြပါသလဲ။ တစ်ခါတစ်လေဆိုတဲ့ အဖြေကလွဲလို့
ထွက်စရာမရှိပါဘူး။ ပြောခဲ့မိတဲ့သူတွေကလည်း ကျွန်တော်တို့နဲ့
သိပ်ရင်းနှီးတဲ့သူတွေ မဟုတ်ပဲ ခရီးသွားရင်း၊ ကြုံကြိုက်ရင်း
ကူညီခဲ့တဲ့သူတွေပိုများတယ်ဆိုတာကို ငြင်းနိုင်ပါသလား။
အဖေက *သမီးရေ ဒီနေ့ငွေလွဲလိုက်တယ်* လို့ပြောတဲ့အခါ တုန့်ပြန်မှုက
ဒီလိုပါ။ *ဟုတ်ကဲ့ အဖေ၊ သမီးအခု သွားထုတ်လိုက်မယ်၊ အချိန်ရသေးတယ်၊ ပြီးမှ
ဖုန်းပြန်ဆက်မယ်နော်၊ ဒါပဲနော် အဖေ* ။ ဒိလိုပဲဖြစ်ရမှာပဲလေ။ လက်ထဲမှာ
ပိုက်ဆံမှ မကျန်တော့တာ။ ညနေကျရင် သူငယ်ချင်းတွေနဲ့ လည်ပတ်ရဦးမယ်။ ဟုတ်ပြီ။
ငွေထုတ်ပြီးတော့ ဖုန်းပြန်ဆက်တယ်။ *ဟဲလို၊ အဖေလား၊ ဟုတ်ကဲ့၊ သမီး
ပိုက်ဆံထုတ်ပြီးသွားပြီ။ တော်သေးတာပေါ့၊ စောစောပြေးလာလိုက်လို့၊ မဟုတ်ရင်
နောက်နေ့မှရမှာ* ။ ကဲ ဘယ်လောက် ညံ့ဖျင်းလိုက်တဲ့ တုန့်ပြန်မှုတွေလဲ။
ကိုယ်မမှာရသေးခင်မှာ ငွေပို့ပေးတယ်။ မှာပြီး မကြာခင်မှာ
အမြန်ဆုံးပို့ပေးတယ်။ ဒီလို အဖေ့ရဲ့ ဂရုစိုက်မှုတွေကို ဘာကြောင့်
*ကျေးဇူးပဲအဖေ* ဆိုတဲ့ စကားလေးနဲ့ မတုန့်ပြန်ခဲ့ကြတာလဲ။ ဘာကြောင့်
အသိအမှတ်မပြုပေးခဲ့ကြတာလဲ။
အမေက *သားရေ၊ ဒီနေ့ပဲ အမေ ဘာလချောင်ကြော်လေး ကြော်ပြီးထည့်ပေးလိုက်တယ်၊
သားထမင်းမြိန်အောင်လို့* ။ ဘာပြန်ပြောလဲ။ *ဟာဗျာ၊ ဒီ
ဘာလချောင်ကြော်ကြီးကို မကြိုက်ပါဘူးဆိုနေမှ၊ နောက်မပို့နဲ့၊ သားမစားဘူး၊
ခုထည့်ပေးလိုက်တာကိုလည်း သူငယ်ချင်းတွေပဲ စားလိမ့်မယ်* ။ လုပ်ကြစမ်းပါဦး။
အမေ့ရဲ့ ဂရုစိုက်မှုကို အသိအမှတ် မပြုရုံမဟုတ်ဘူး စိတ်ဆင်းရဲအောင်ပါ
ထပ်ပြောလိုက်သေးတယ်။ ကိုယ်မကြိုက်တော့ ဘာအရေးလဲ၊ ပြီးမှ သူငယ်ချင်းတွေကို
ကျွေးပေါ့၊ သူတို့မှာရှိတာနဲ့လည်း လဲစားကြလို့ရတာပဲ။ ဘာလို့
*ကျေးဇူးတင်ပါတယ် အမေ၊ သားသူငယ်ချင်းတွေလည်း အရမ်းကြိုက်ကြမှာပဲ*
ဆိုတာလေးတောင် မပြောပေးနိုင်တာလဲ။
ကျွန်တော်တို့ တကယ်ပဲ ကျေးဇူးတင်စကားပြောတတ်ကြပြီလား။ မောင်နှမတွေရဲ့
ဂရုစိုက်မှုတွေ၊ သူငယ်ချင်းတွေရဲ့ အကူအညီပေးမှုတွေ၊ ချစ်သူရဲ့
ကြင်နာဖေးမမှုတွေကို ကျေးဇူးပါလို့ပြောဖို့ နှစ်အတော်ကြာကြာ ကျွန်တော်တို့
မေ့လျော့နေတတ်ကြပါတယ်။ တစ်ချို့ဆိုရင် တစ်သက်လုံးတောင်
ကျေးဇူးတင်စကားပြောဖို့ သတိရမသွားကြပါဘူး။ ကျွန်တော်တို့ဟာ ကိုယ်နဲ့
သိပ်ရင်းနှီးနေရင် ကျေးဇူးတင်စကားပြောဖို့ မလိုဘူးလို့ ယူဆကြတယ်။
ကိုယ်ကိုပြောရင်လည်း ငါတို့ကြားမှာ ဒါတွေမလိုပါဘူးလို့ ပြောတတ်ကြပြန်တယ်။
အဲ့လို ပြောလိုက်ပေမယ့် ကိုယ့်အကူအညီကို အသိအမှတ်ပြုတယ်ဆိုပြီး
ကြည်နူးခဲ့ဖူးကြတာပဲ မဟုတ်လား။ သူတို့လည်း ဒီလိုပဲပေါ့။ ပါးစပ်က
မလိုပါဘူးပြောနေပေမယ့် သူတို့မသိစိတ်မှာ ကျွန်တော်တို့ရဲ့
အသိအမှတ်ပြုမှုကို တောင့်တနေခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း
ဒီအတိုင်းပဲလေ။ ပြောဖို့မလိုဘူး လို့ ထင်တယ်။ ဒါကြောင့်မပြောကြဘူး။
နောက်ကျတော့ ပြောရမယ်ဆိုတာကိုပါ မေ့သွားကြတော့တယ်။
ကျွန်တော်တို့ဟာ ဘ၀ကိုရှင်သန်နေထိုင်ပြီဆိုတာနဲ့ အသိအမှတ်ပြုမှုကို
လိုချင်ကြတာပါပဲ။ မိဘတွေ၊ ဆရာ/ဆရာမတွေက တော်တယ်လို့ပြောမှာ၊ သူငယ်ချင်းတွေက
သပ်သပ်ရပ်ရပ်နေတတ်တယ်လို့ ချီးကျူးမှာ၊ ချစ်သူက အရမ်းလှတာပဲလို့
ရေရွတ်မှာ။ ဒါတွေကို လိုချင်ကြတာပါပဲ။ ဒီလိုပဲ ကူညီပေးတဲ့သူကလည်း
အသိအမှတ်ပြုတာလိုချင်တယ်။ အမေကလည်း *အမေ့လက်ရာ အရမ်းကောင်းတာပဲ*
ဆိုတာကြားချင်တယ်။ အဖေကလည်း အလည်အပတ်လိုက်ပို့တဲ့အခါ *ဟေး…ဒါမှ တို့ဖေဖေကွ*
ဆိုတဲ့ အော်ဟစ်သံကို ကြားချင်တယ်။ ဒီလို အသိအမှတ်ပြုပေးတဲ့နေရာမှာ
အထိရောက်ဆုံး၊ အကောင်းဆုံး၊ အကုန်အကျအနည်းဆုံးနည်းလမ်းက
ကျေးဇူးတင်စကားဆိုခြင်းပါပဲ။
သူတစ်ပါးရဲ့ ကောင်းမွန်မှုတွေကို ကျေးဇူးတင်တတ်လာတဲ့အခါ သူတို့ဆီကနေ
ပိုကောင်းတာတွေ ထပ်ရလာပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့
လုပ်ပေးသမျှကိုလည်း ပြန်ပြီး အသိအမှတ်ပြုကြပါလိမ့်မယ်။ ဒီအခါကျရင်
ကျွန်တော်တို့ရဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်းတွေဟာ စိတ်ချမ်းသာဖို့ကောင်းလာတာ၊
ယဉ်ကျေးလာတာ၊ စည်းလုံးလာကြတာ၊ ဖော်ဖော်ရွေရွေရှိလာတာ
တွေကိုခံစားမိလာပါလိမ့်မယ်။ အထီးကျန်နေပါတယ် ဆိုတဲ့ လူတွေတောင်
ကျေးဇူးတင်စကားပြောရုံနဲ့ ပတ်ဝန်းကျင်မှာ ၀င်ဆံ့လာနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ကျေးဇူးတင်စကား အသိအမှတ်ပြုမှုလေးဟာ ပြောခံရသူရင်ထဲမှာ
အမြဲတမ်းအမှတ်တရရှိနေပါလိမ့်မယ်။ ကိုယ့်ကို ကူညီဖို့
အချိန်မရွေးအသင့်ဖြစ်နေပါလိမ့်မယ်။ ဒိတစ်ချက်တည်းနဲ့တင်
ကျွန်တော်တို့ဆုံတွေ့သမျှလူတွေ၊ ကျွန်တော်တို့ မိသားစုနဲ့
ပတ်ဝန်းကျင်တွေရဲ့ နှလုံးသည်းပွတ်အဖြစ်ကိုတောင် ရရှိနိုင်ပြီး
ဘ၀အောင်မြင်ဖို့ အတွက်ပါ အထောက်အပံ့ဖြစ်နိုင်တယ်ဆိုတာလေး သတိပေးလိုက်ရပါတယ်
ခင်ဗျာ။
သွေးခန့်
No comments:
Post a Comment