ကျွန်တော်တို့ဟာ
တစ်ခုခုကို လုပ်တော့မယ်ဆို ဦးနှောက်နဲ့ အရင်စဉ်းစားကြပါတယ်။
မစဉ်းစားပဲလုပ်တဲ့သူကိုလည်း တဇွတ်ထိုးတဇောက်ကန်းလို့ပြောကြပါတယ်။ ဒါပေမယ့်
တစ်ခါတစ်ရံမှာတော့ အဲ့ဒီ့နှစ်ခုကြားက လမ်းလေးကို ရွေးချယ်ပြီးလျှောက်ရတာ
သိပ်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ဒီနည်းလမ်းက ကျွန်တော်တို့ကို
အောင်မြင်မှုဆီကိုလည်းတွန်းပို့ပေးနိုင်ပါတယ်။ လွတ်လပ်ခြင်းအရသာကိုလည်း
ပေးစွမ်းနိုင်ပါတယ်။ သင်က တွေးမယ်။ ဟာ-ဒါဆိုကောင်းတာပေါ့။ ဘယ်လမ်းလဲ၊
ဘာနည်းလမ်းလဲ။ ဟုတ်ကဲ့၊ မသိစိတ်ရဲ့ အသံကိုနားထောင်ခြင်းနည်းပါပဲ။ ဒီနည်းက ကျွန်တော်တို့ကြားဖူးနားဝရှိတဲ့ တိတ်ဆိတ်ခြင်းကိုနားထောင်ပါဆိုတဲ့ နည်းလမ်းနဲ့တော့မတူပါဘူး။
တိတ်ဆိတ်ခြင်းကို နားထောင်တဲ့နည်းလမ်းက တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေရာမှာ
အေးအေးဆေးဆေးအချိန်ယူပြီး ခေါင်းထဲက အကြံဥာဏ်ကို ဖော်ယူတဲ့နည်းမျိုးပါ။
တစ်ခါတစ်လေမှာ တစ်နေရာရာကို သွားနေရင်းနဲ့ သူငယ်ချင်းတစ်ယောက်အိမ်ဖက် လှည့်ဝင်လိုက်ရင်ကောင်းမလား ဆိုတာမျိုး စိတ်မှာပေါ်လာဖူးကြပါသလား။ အဲ့ဒီ့အခါ ဟာ-တော်ပါပြီ၊ ကြိုလည်းမပြောထားရဘူး၊ရှိမှရှိပါ့မလား၊ စသဖြင့်တွေးမိပြန်ပါတယ်။ နောက်တော့ မ၀င်တော့ပဲ ကိုယ့်ပုံမှန်အတိုင်းဆက်သွားလိုက်ပါတယ်။ ဟော-ညနေအိမ်ရောက်မှသိရတာက အဲ့ဒီသူငယ်ချင်း အကြီးအကျယ် နာမကျန်းဖြစ်လို့ ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းမျိုး၊ သူ့အိမ်ကို လာလည်ပါဦးလို့ ဖုန်းဆက်ပြီး ဖိတ်ထားတာမျိုး စသဖြင့်ဖြစ်ဖူးပါသလား။ အခု ဥပမာအတိုင်းမဟုတ်ရင်တောင် ခပ်ဆင်ဆင်အကြောင်းအရာလေးတွေ ဖြစ်ဖူးကြမှာပါ။ အဲ့ဒီလို မသိစိတ်ကနေ လျှက်တပြက်ပေါ်လာတဲ့ အတွေးလေးတွေနောက်ကို တစ်ခါတစ်လေမှာ လိုက်လုပ်လိုက်ခြင်းဟာ ပေါ့ပါးပျော်ရွှင်စေပါတယ်။ စိတ်ကိုလွှတ်ချလိုက်တဲ့သဘောမျိုးပေါ့။ ဒီနည်းလမ်းလေးကို *နှလုံးသားနှင့် ဆက်သွယ်ခြင်း* လို့ နာမည်ပေးထားပါတယ်။
သေးသေးမွှားမွှား ကိစ္စလေးတွေကအစ၊ ကြီးကြီးမားမား ကိစ္စတွေအထိ အသုံးချနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်ကဆူရင်ဆူပါစေတော့ဆိုပြီး သူငယ်ချင်းတွေနဲ့ လျှောက်လည်ခဲ့ရတဲ့ အရသာကို သင်အခုပြန်တွေးကြည့်လိုက်ပါ။ တကယ့်ကို ကောင်းတဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု၊ လွတ်လပ်မှု၊ ပေါ့ပါးမှုတွေကို ပြန်ခံစားမိပါလိမ့်မယ်။ ဒီလိုပါပဲ။ သင့်ရဲ့ အမှားအယွင်းမခံနိုင်တဲ့ အလုပ်ကိစ္စမှာလည်းသုံးလို့ရပါတယ်။ အလုပ်ကိစ္စမှာ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အလုပ်အောင်မြင်ဖို့ ဒီလိုလုပ်လိုက်ဆိုပြီး လုပ်ထုံးတွေနဲ့ ဆန့်ကျင်တဲ့ အတွေးမျိုးပေါ်လာဖူးပါသလား။ လုပ်လိုက်တဲ့အခါ ဒီလိုမဟုတ်ပဲ တစ်ခါတစ်လေမှာ ဒီလိုလည်းလှည့် လုပ်ကြည့်လို့ရတာပဲဆိုတာ သိရပါလိမ့်မယ်။ ဒါဟာ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်နည်းကိုယ်ပိုင်ဟန်တွေ ပေါ်ပေါက်လာရတဲ့အကြောင်းရင်းပဲ။ မလုပ်မိခဲ့ဘူးလား။ အလုပ်က အနည်းငယ်ဖင့်နှေးသွားတယ်။ ဒီအခါမှာ အဲ့ဒီအချိန်တုန်းက ငါတွေးမိသလိုလေးသာ လုပ်လိုက်မိရင် ဆိုတာမျိုးတွေးမိဖူးမှာပေါ့။
ဟုတ်ကဲ့။ လိုတာထက်ပိုပြီး စိတ်စေရာနောက်လိုက်မိလို့၊ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်မိလို့ ဆုံးရှုံးခဲ့တာတွေရှိခဲ့ပါတယ်။ ဒီလိုပဲ မသိစိတ်က အချက်ပေးတဲ့အတိုင်း လုပ်လိုက်မိလို့ မျက်လုံးတွေပြာဝေသွားရလောက်အောင်ကို အောင်မြင်တဲ့အခါတွေလည်းရှိခဲ့ပါတယ်။ တစ်ခု သတိပြုရမှာက ဦးနှောက်နဲ့ တွေးတောကြံဆတဲ့နည်းလမ်း မဟုတ်ဘူးဆိုပေမယ့် ဘာမှမစဉ်းစားပဲ တဇွတ်ထိုးလုပ်တဲ့ ပုံစံနဲ့လည်းမတူပါဘူး။ ဒါကတော့ရှင်းပြဖို့ခက်ပါတယ်။ ကိုယ်တိုင်လုပ်ကြည့်မှပဲ ဒါက ငါမိုက်တာ၊ ဒါက ငါမပြတ်သားတာ၊ ဒါက ငါ့အောင်မြင်မှု စသည်ဖြင့် သိလာမှာပါ။
နောက်ထပ်တစ်ခုပြောပြချင်တာက ဟိုစပ်စပ်ဒီစပ်စပ်နည်းလမ်းတွေ ပေါင်းစုမနေပါနဲ့။ နည်းလမ်းတစ်ခုကို သဘောကျရင် စမ်းလုပ်ကြည့်လိုက်ပါ။ အလုပ်ဖြစ်ရင် ဆက်သွား၊ မဖြစ်ရင် လွှင့်ပစ်လိုက်။ ဒါပါပဲ။ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ဆိုရင်တော့ ယောင်ခြောက်ဆယ်သမားပဲဖြစ်သွားပါလိမ့်မယ်။ ကိုယ်လုပ်တာ အလုပ်ဖြစ်၊ မဖြစ်တောင် သိလိုက်မှာ မဟုတ်ပါဘူး။ နည်းလမ်းတစ်ခုကို လုပ်ပြီဆိုရင်လည်း ရလာဒ်အနည်းငယ်စပြီး ပေါ်လာတဲ့အထိလုပ်ပါ။ ရလာဒ်ထွက်လာမှ ကောင်းတယ်၊ မကောင်းဘူးဆုံးဖြတ်သင့်ပါတယ်။ စားပွဲတင်တင်းနစ်ချန်ပီယံတစ်ယောက်ရဲ့ စကားလေးကို အမှာစကားပါးလိုက်ပါရစေ။ *နိုင်ပွဲရရှိရန်မသေချာသော ပင်ပန်းဆင်းရဲခက်ခဲသည့် ပြိုင်ပွဲပေါင်းများစွာကို ကစားခဲ့ရသည်။* တဲ့။ အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့မရတာတော့ အမှန်ပါပဲခင်ဗျာ။
သွေးခန့်

No comments:
Post a Comment