သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: မြစ်

Saturday, May 26, 2012

မြစ်

(၁)
တစ်ချို့က…
လက်မလေးစုပ်ပြီး ဇိမ်ယူနေတဲ့ သူတို့လေးတွေရဲ့ အိပ်ယာကို
ဘယ်ညာလွှဲပေးနေကြတယ်၊
တစ်ချို့က….
သူမ ဘယ်သွားသွားလိုက်ချင်တဲ့ သူတို့လေးတွေကို
တွန်းလှည်းလေးထဲထည့်ပြီး တွန်းနေကြတယ်၊
တစ်ချို့က…
သူမနားကလုံးဝမခွာချင်တဲ့ သူတို့လေးတွေကို
ကျောမှာပိုးပြီး အိမ်အလုပ်တွေလုပ်နေကြတယ်၊
တစ်ချို့က….
သူမရဲ့ သွေးတွေကို စုပ်ယူပြီး
ဝမ်းစာဖြည့်နေတဲ့ သွေးစုပ်ကောင်လေးတွေကို
ပြုံးပြီးကြည့်နေကြတယ်၊
ဒါပေမယ့်…
သူမ သူတို့ကို ဘယ်လောက်ချစ်ကြောင်း
သူတို့လေးတွေကတော့
ဘယ်တော့မှ အပြည့်အ၀သိလိမ့်မယ် မဟုတ်ပေဘူး။

(၂)
သင်အိမ်ကို နောက်ကျမှ ပြန်ရောက်တတ်တဲ့အခါ…
ဒါမှမဟုတ်..အဝေးတစ်နေရာက ပြန်ရောက်လာတဲ့အခါ..
စောင့်ကြိုနေတဲ့ သူမရဲ့မျက်ဝန်းတွေ လင်းလက်သွားတတ်တာ
သင့်ကို ချစ်တဲ့ ချစ်ခြင်းတွေကြောင့်ပါ၊
မျက်နှာတည်ပြီးနေတတ်ပေမယ့်
သူမရဲ့မျက်ဝန်းတွေမှာ နွေးထွေးမှုတွေရှိတယ်…
သူမရဲ့ မေးခွန်းကို ဆူအောင့်ဖြေပြီး
အခန်းထဲ ၀င်သွားတတ်တဲ့ သင့်အတွက်
ထမင်းပွဲကို ခူးခပ်ပြင်နေပါလိမ့်မယ်၊
ပါးစပ်က တဖျစ်တောက်တောက်ပြောနေပေမယ့်..
သူမပြင်တဲ့ ထမင်းပွဲထဲမှာ..
သင်ကြိုက်တတ်တဲ့ ဟင်းတစ်ခွက် ပါနေပါလိမ့်မယ်၊
ဒါပေမယ့်…
သူမ သင့်ကို ဘယ်လောက်ချစ်ကြောင်း
သင်ကတော့
ဘယ်တော့မှ အပြည့်အ၀နားလည်လိမ့်မယ် မဟုတ်ဘူး။

(၃)
သင့်ပုခက်ကိုလွှဲခဲ့တဲ့လက်တွေ…
အရိုးပေါ်အရေတင်ကုန်ကြပြီ
သင့်ကို ချီပိုးခဲ့တဲ့ ခါးတွေ ..
မြေနှင့်ထိလုမတတ် ကိုင်းကုန်ကြပြီ
သင်ကတော့..
သူမ ကမ္ဘာမြေအောက်ကို ၀ပ်စင်းသွားမှပဲ
သူမရဲ့ တန်ဖိုးကို သိမယ်…
ဆိုးဆိုးရွားရွားဆိုရင်တော့
သင်ဟာ သူမရဲ့အချစ်ကို တစ်သက်တာလုံးသိလိမ့်မယ် မဟုတ်ပေဘူး။

(၄)
မြစ်ကသာ …
သူကိုယ်တိုင် တိမ်ကောသွားတဲ့အထိ
ပင်လယ်ဆီကို စီးဆင်းတယ်
ပင်လယ်ကတော့..
မြစ်ထဲကို ပြန်စီးဆင်းရိုးမရှိဘူး….
မြစ်တွေက သူ့ကို ကြီးထွားစေခဲ့ကြောင်းကိုလည်း..
သူကတော့…
ဘယ်တော့မှ သိလိမ့်မယ် မဟုတ်ပေဘူး၊
သားသမိးတွေက ပင်လယ်နဲ့တူကြတယ်…
မိခင်တွေက မြစ်တွေနဲ့တူကြတယ်…
သင့်သွေးသားထဲမှာ
သူမရဲ့သွေးတွေစီးနေတဲ့နောက်တော့
သူမကျေးဇူးကို ဆပ်ဖို့ထက်…
သူမရဲ့ ကျေးဇူးကို သိဖို့က ပိုပြီးလိုအပ်နေလိမ့်မယ်။ ။


သွေးခန့်
(27.8.2011)

No comments:

Post a Comment