ကျွန်တော်တို့ဟာ ကိုယ်ကြုံတွေ့ရတာတွေအပေါ်မူတည်ပြီး အချစ်ကို
အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြတယ်။ အချစ်ကိုအမှန်တကယ်နားလည်တဲ့ လူဆိုတာ
လောကမှာမရှိပါဘူး။ ရှိလည်းမရှိနိုင်ပါဘူး။ တစ်ချို့ စိတ်ခံစားချက်တွေက
အလွန်ဆန်းကြယ်ပြီး အံ့သြဖို့ကောင်းပါတယ်။ သူ့ကိုယ်တိုင်ကလွဲလျှင် ဘယ်သူမှ
နားလည်နိုင်မယ့်သူ မရှိပါဘူး။ ဒီတော့ အချစ်ကို ကျွန်တော်တို့
ကိုယ်ပိုင်အမြင်နဲ့ ဇွတ်တင်းအဖြေထုတ်နေရင်၊ တစ်ခြားလူကို
ကိုယ့်အယူအဆရိုက်သွင်းချင်နေရင် လုံးဝကို မှားသွားပါလိမ့်မယ်။ ဒါပေမယ့်
အချစ်ဆိုတာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာတော့ အားလုံးလက်ခံကြမှာပါ။ ဘ၀နဲ့
ပတ်သက်လာရင် ပုံသေနည်းမရှိပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ကိုယ့်ဘ၀ကို
တည်ဆောက်နေကြရတာပါ။ သို့ပေမယ့် သဘာဝတရားနဲ့ ပတ်သက်လာရင်တော့
အမြဲမှန်ကန်နေတတ်တဲ့ ဥပဒေသတွေရှိပါတယ်။ *အချိန်နှင့်ဒီရေသည် လူကိုမစောင့်*
ဆိုတဲ့စကားဟာ အမြဲတမ်းမှန်ပါတယ်။ ဒီဥပဒေသမှာ
လူတန်းစားခွဲခြားမှုမရှိပါဘူး။ မိတ်ဆွေဟာ ဘယ်သူပဲဖြစ်နေပါစေ အချိန်နဲ့
ဒီရေကတော့ ဆက်သွားနေမှာပါပဲ။ ဒီလိုပါပဲ၊ မိတ်ဆွေကတိုက်တစ်ခုပေါ်ကနေ
ပြုတ်ကျလာတဲ့အခါ မိတ်ဆွေဟာ လူကောင်းပဲဖြစ်ဖြစ်၊ လူဆိုးပဲဖြစ်ဖြစ်
အရေးမပါတော့ပါဘူး။ မြေကြီးနဲ့ ရိုက်မိမှာ အသေအချာပါပဲ။
ဒီတော့
ကျွန်တော့်တို့ လူ့သဘာဝနဲ့ ပတ်သက်လာရင်လည်း အချစ်မှာ အမြဲမှန်နေတတ်တဲ့
အချက်လေးတွေရှိနေတတ်ပါတယ်။ သိသာထင်ရှားလွန်းနေတဲ့အတွက်ရော
လူတိုင်းလိုလိုလုပ်နေကြတဲ့အတွက်ပါ မမြင်ကြတာဖြစ်ပါတယ်။ ကျွန်တော်
သတိပြုမိတဲ့အချက်လေးတွေကို မျှဝေချင်ပါတယ်။
ချစ်သူနဲ့တွေ့တဲ့အချိန်မှာ
ချစ်သူ့ဘက်မှာ အဖော်ပါလာရင် လူ့သဘာဝအရ ကျွန်တော်တို့ဟာ အဲ့ဒီ့အဖော်ကို
ပိုပြီး ဂရုစိုက်နေတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့
ကိုယ်တို့နှစ်ယောက်ကြားမှာ သူအနေရကြပ်နေမှာကို အားနာနေလို့ပါ။
မိတ်ဆွေတို့ရော လုပ်ဖူးကြတယ်မဟုတ်လား။ ဟုတ်ကဲ့၊ ဘယ်တော့မှ
အဲ့လိုမလုပ်ပါနဲ့။ ကျွန်တော်တို့က ဒီလိုဂရုစိုက်လိုက်တဲ့အခါ
ချစ်သူ့စိတ်ထဲမှာ သူ့ထက်ပိုအရေးပေးတယ်လို့ ထင်သွားတတ်ပါတယ်။
သိပ်သ၀န်တိုတတ်ရင် သူ့ကိုအချစ်လျှော့သွားတယ်၊ မျက်နှာများချင်တယ်လို့တောင်
ထင်သွားတတ်ပါတယ်။ သူ့သံသယတွေကြောင့် ကိုယ်နဲ့လည်းအဆင်မပြေ၊
သူ့သူငယ်ချင်းတွေနဲ့လည်း အစေးမကပ် ဖြစ်လာတဲ့အခါ ကျွန်တော်တို့ရဲ့ လှပခဲ့တဲ့
ဆက်ဆံရေးတွေဟာ လမ်းဆုံလမ်းခွကို ရောက်လာပါတော့တယ်။ ဒီကိစ္စမှာ မိတ်ဆွေဟာ
ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးပဲ ဖြစ်စေ မိတ်ဆွေရဲ့ချစ်သူ
ခံစားသွားမယ့်ပုံစံကတော့ အတူတူပါပဲ။ ဒီအခြေအနေမျိုးမှာ သူ့အဖော်ကို
ကိုယ့်သူငယ်ချင်းလို ဖော်ဖော်ရွေရွေဆက်ဆံပါ။ လိုတာထက်ပိုပြီး
လောကွတ်ပိုမသွားပါစေနဲ့။ ချစ်သူကိုတော့ အရင်ကထက်ပိုပြီး ဂရုစိုက်ပြပါ။
ကွယ်ရာမှာ သူတို့ပြန်သုံးသပ်ကြတဲ့အခါ သူ့ရဲ့သူငယ်ချင်းက မိတ်ဆွေကို
မှတ်ချက်တွေပေးပါလိမ့်မယ်။ ဒီမှတ်ချက်ဟာ သူက မိတ်ဆွေအပေါ်ထားတဲ့
ခံစားချက်ပေါ်မှာ အတိုင်းအတာတစ်ခုအထိ သက်ရောက်ပါတယ်။
ပတ်ဝန်းကျင်ကိုအလေးမထားဘူးလို့ ဘယ်လိုပဲပြောနေပါစေ၊ ကျွန်တော်တို့ ဟာ
ပတ်ဝန်းကျင်ရဲ့မှတ်ချက်ကို သေချာပေါက်နားထောင်ကြပါတယ်။ မသိစိတ်ကနေလည်း
ဒီမှတ်ချက်တွေကို အလေးထားနေတတ်ကြပါတယ်။
နောက်တစ်ခုကတော့
ကိုယ့်ချစ်သူကို ဘယ်တော့မှ တစ်စုံတစ်ယောက်နဲ့ မစွပ်စွဲပါနဲ့။
စနောက်တာမျိုးတောင်မလုပ်ပါနဲ့။ စိတ်ကြည်လင်တုန်းမှာ ဘာမှမဖြစ်ပေမယ့်
စိတ်အခန့်မသင့်တဲ့အခါ သူ့ကိုမယုံကြည်ဘူးလို့ ထင်သွားတတ်ပါတယ်။ ဒီလိုပဲ
နောက်တစ်ယောက်ရှာလိုက်ရမလား၊ ဟိုကောင်မလေးကချောလိုက်တာ၊ ဟိုကောင်လေးက
ချစ်စရာလေး စသည်ဖြင့် စနောက်တာမျိုးကို တတ်နိုင်သမျှ မလုပ်ပါနဲ့။
စိတ်ထဲမှာ ဘာမှမဖြစ်ခင်တော့ ဒါဟာ ပျော်စရာကိစ္စတစ်ခုပါ။
တစ်ယောက်နဲ့တစ်ယောက်စနောက် ရယ်မောကြတာပေါ့။ ဒါကို ကျီစားစရာကိစ္စလို့
မြင်သွားချိန်မှာ၊ ခဏခဏ ကြားရဖန်များလာတဲ့အခါ ကျွန်တော်တို့ရဲ့
ဆက်ဆံရေးမှာ အက်ကြောင်းတွေ ထင်လာပါလိမ့်မယ်။
ဒီအတိုအထွာအချက်လေးတွေဟာ
တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိစွာချစ်နေကြတဲ့ စုံတွဲတွေမှာ
ပိုပြီးအဖြစ်များပါတယ်။ နားလည်မှုပေးနိုင်လို့ ဘာမှဖြစ်မလာသေးပေမယ့်
မသိစိတ်မှာရှိနေတဲ့အတွက် စိတ်ထဲမှာတွေးမိလာတတ်ပါတယ်။ ပြီးမှသာ ငါတို့
ဒီလောက်ချစ်နေကြတာ မဖြစ်နိုင်လောက်ပါဘူး ဆိုတာမျိုးတွေတွေးပြီး
အတွေးစကိုဖြတ်ပစ်ကြတာပဲ ဖြစ်ပါတယ်။ ပိုပိုပြီးချစ်လာကြလေ၊
ပိုပိုနားလည်လာကြလေ၊ ဒါတွေကို ဂရုစိုက်ရလေပဲ ဖြစ်ပါတယ်။
တစ်ခြားအချက်လေးတွေ
ရှိသေးပေမယ့် ဆက်တွေးပြီး မြင်နိုင်ကြလိမ့်မယ်လို့ ယူဆတဲ့အတွက်
ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။ ချစ်သူစုံတွဲတိုင်း အလေးမထားရမယ့်
အသေးအဖွဲတွေ ရှိသလို၊ အလေးထားရမယ့် အသေးအမွှားတွေ ရှိတယ်ဆိုတာ
သတိပြုမိနိုင်ကြပါစေ။
သွေးခန့်
(29/11/2011)
No comments:
Post a Comment