သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: သင့်အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ

Saturday, May 26, 2012

သင့်အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ

သင် မစီမံ၊ မခန့်ခွဲနိုင်တဲ့ ကိစ္စတွေကို စတင်ပြုပြင်ဖို့အတွက် အချက်အလက်တွေ ဘယ်လောက်လိုအပ်မယ်လို့ ထင်ပါသလဲ။

သင် ကောင်းမွန်စွာ မစီမံ၊ မခန့်ခွဲနိုင်ခဲ့တဲ့အတွက် နောက်ကျကျန်ခဲ့ရတာတွေ ဘယ်လောက်များနေပါပြီလဲ။

အချိန်ဆိုတာ သင်ပိုင်ဆိုင်ထားသမျှအရာတွေထဲမှာ အဖိုးအတန်ဆုံးအရာပါ။ လူအများစုကလည်း ဒီလိုပဲတွေးမိကြမှာပါ။ ဒါပေမယ့် တစ်ချို့လူတွေကတော့ သူတို့အချိန်တွေကို ဖြုန်းတီးနေကြတုန်းပါပဲ။

ဘယ်သူမှတော့ သူတို့အချိန်တွေကို အလဟဿ မကုန်ဆုံးစေချင်ကြပါဘူး။  ဒါပေမယ့် တစ်ချို့အမှားအယွင်းလေးတွေက သူတို့ကိုယ်တိုင်တောင်သတိမထားမိပဲ သူတို့ရဲ့အချိန်တွေကို ဖြုန်းတီးပစ်နေပါတယ်။

ဘာကြောင့်များ ငါ့အချိန်တွေက အလဟဿ ကုန်ဆုံးသွားနေရတာလဲ။


(၁)  စိတ်ပါလက်ပါဖြစ်မယ့်အချိန်ကို စောင့်နေခြင်း။

သင့်စိတ်ကို အကောင်းဆုံးအခြေအနေ၊ ကောင်းမွန်တဲ့ခံစားမှုမှာ ရှိနေဖို့၊ စိတ်ပါလက်ပါရှိဖို့ စောင့်ဆိုင်းရင်း သင်လုပ်ချင်တဲ့အလုပ်တစ်ခုကို မလုပ်လိုက်ရတာ ဘယ်နှစ်ကြိမ်လောက်ရှိနေပြီလဲ။

မှန်ကန်တဲ့ ခံစားချက်တွေ၊ စိတ်ပါလက်ပါဖြစ်မှုတွေဆိုတာ သင့်ဆီကို ဘယ်တော့မှ အလိုအလျောက်
ရောက်မလာနိုင်ပါဘူး။ ရောက်လာခဲ့မယ်ဆိုရင်လည်း သင်ကထိုင်စောင့်နေရလောက်အောင် နောက်မကျပါဘူး။ စိတ်ပါလက်ပါဖြစ်လာမယ့် အချိန်ကို စောင့်ရင်းနဲ့ပဲ သင့်ရဲ့အလုပ်တွေဟာ နောက်ကျကုန်ပါပြီ။ သင့်ရည်မှန်းချက်တွေဟာလည်း အချိန်နဲ့တစ်ပြေးညီ ပြီးမြောက်နိုင်မှာ မဟုတ်တော့ပါဘူး။ သင်တကယ်လိုချင်တဲ့ ရည်မှန်းချက်သာဆိုရင် အချိန်တိုင်းစိတ်ပါလက်ပါ ရှိနေမှာပါ။

သင့်ရှေ့မှာ အောင်မြင်နေတဲ့သူတွေဟာလည်း  အမြဲတမ်းကောင်းမွန်ပျော်ရွှင်တဲ့ စိတ်ခံစားမှုမျိုးမှာ ရှိနေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က သူတို့ရဲ့ တွေဝေစိတ်တွေ၊ စိတ်ရှုပ်ထွေးမှုတွကို ဆန့်ကျင်ပြီး ရည်မှန်းချက်အတိုင်း ဆက်လုပ်ခဲ့ကြတဲ့အတွက်
အောင်မြင်နေကြတာပါ။

ဒါကြောင့် စိတ်ခံစားမှုတွေကောင်းမွန်ဖို့၊ စိတ်ပါလက်ပါရှိဖို့စောင့်စားရင်း သင့်ရည်မှန်းချက်တွေကို အိပ်မက်တွေ ဖြစ်မသွားပါစေနဲ့။ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿမဖြစ်ပါစေနဲ့။ သင်အမြဲတမ်း ပျော်ရွှင်တဲ့အချိန်မှ လုပ်မယ်ဆိုရင် အရမ်းနောက်ကျသွားပါလိမ့်မယ်။ ပြီးတော့ သင်ပျော်ရွှင်နေတဲ့အချိန်မှာ သင့်ရည်မှန်းချက်ကို သတိတရရှိဖို့ မသေချာဘူးမဟုတ်လား။


(၂)  စတင်ဖို့အချိန်ကောင်းကို စောင့်ဆိုင်းခြင်း။

 သင့်ရဲ့မသိစိတ်ကနေ ရှုံးနိမ့်မှာကြောက်နေတဲ့အတွက်၊ သင့်ရည်မှန်းချက်ဟာ ခက်ခဲလိမ့်မယ်လို့ ယုံကြည်နေတဲ့အတွက် ဒီဆင်ခြေဖြစ်လာရတာလို့ မထင်မိဘူးလား။ တကယ်တော့ သင်ဟာ စတင်ဖို့အချိန်ကောင်းကို စောင့်နေတာမဟုတ်ပါဘူး။ စ' လုပ်ရမှာကို ကြောက်နေတာပါ။ စ' ပြီးမလုပ်ဖြစ်မှတော့ သင့်အောင်မြင်မှုကလည်း ပုံပေါ်လာနိုင်မှာ မဟုတ်ပါဘူး။

ဒီလို အချိန်မကျသေးပါဘူးဆိုပြီ စောင့်ဆိုင်းရင်းနဲ့ပဲ သင့်ရဲ့အချိန်တွေက ဆုံးရှုံးနေကြရပါတယ်။ ဒါကြောင့် သတ္တိရှိရှိနဲ့ လက်ရှိအခြေအနေကိုရင်ဆိုင်လိုက်ပါ။  သင့်ရည်မှန်းချက်ဆီကို ဦီးတည်လိုက်ပါ။ စတင်အကောင်အထည်ဖော်ခြင်းနဲ့ သင့်ရဲ့ အချိန်ဆုံးရှုံးမှုကို ကာကွယ်လိုက်ပါတော့။


(၃)  အပြည့်အ၀ အာရုံစိုက်ပါ။

လူအများစုကျူးလွန်မိကြတဲ့ အကြီးဆုံးအမှားကတော့ အာရုံစူးစိုက်မှု အပြည့်မရှိတာပါပဲ။ သင့်အလုပ်ပေါ်မှာ ရာနှုန်းပြည့် အာရုံစူးစိုက်မှုမရှိတဲ့အတွက် သင့်ရည်မှန်းချက်ဟာလည်း အချိန်နဲ့တစ်ပြေးညီ ပြီးမြောက်နိုင်မှာ မဟုတ်တော့ပါဘူး။ သင့်ရည်မှန်းချက်တွေ ပြီးမြောက်ဖို့အတွက်  e-mail စစ်နေတာတွေ၊ Facebook ဖွင့်နေတာတွေ၊ SMS ပို့နေတာတွေ အားလုံးကိုမေ့ထားပြီး သင့်ရည်မှန်းချက်အပေါ် ရာနှုန်းပြည့်အာရုံစိုက်လိုက်ပါ။ မလိုလားအပ်တာတွေနဲ့ ကုန်ဆုံးနေရတဲ့ သင့်အချိန်တွေကိုလျှော့ချပြီး သင့်ဘ၀အတွက် သင်လိုချင်တာတွေကို အခုချက်ချင်း ထလုပ်လိုက်ပါ။


(၄)  လုပ်ဆောင်ရန်စာရင်း ထားရှိခြင်း။

သင်လုပ်မယ့်အလုပ်တွေအတွက် ရှင်းလင်းပြတ်သားတဲ့စာရင်းတစ်ခု ရှိဖို့လိုပါတယ်။ လုပ်ချင်စိတ်ရှိပေမယ့် ဘာကိုစလုပ်ရမလဲဆိုတာကို မသိတဲ့အခါ အချိန်တွေကို အလဟဿဖြစ်စေပြီး သင့်စွမ်းဆောင်ရည်ကိုလည်း လျော့ကျစေပါတယ်။



သင့်မှာ ဘာရည်မှန်းချက်မှ မရှိဘူးလား။

ဒါဆို သင့်အချိန်တွေကိ စီမံခန့်ခွဲဖို့အတွက် ဒီစာကိုဘာကြောင့်ဖတ်နေဦးမှာလဲ။ သင့်အချိန်တွေကို  ကောင်းစွာအသုံးချခြင်းက
နောက်ဆုံးမှာ သင့်ရည်မှန်းချက်ကိုေ ရောက်ရှိနိုင်ဖို့ပါ။  တကယ်လို့ သင့်မှာ ဘာရည်မှန်းချက်မှ မရှိဘူးဆိုရင်တော့ ဒီတိုင်းပဲ ဆက်သွားနိုင်ပါတယ်။ သင့်အချိန်တွေ ဆုံးရှုံးကုန်လည်း ဘာအရေးလဲ။ သင်မှ မလိုအပ်တာပဲ။



သွေးခန့်
(24/2/2012)
Ref: " How to Manage Your Time?"- M.Farouk Radwan

No comments:

Post a Comment