သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: လာဖွန်တိန်း၏ ပုံပြင်လေးများ(၁)

Tuesday, May 22, 2012

လာဖွန်တိန်း၏ ပုံပြင်လေးများ(၁)

ပြင်သစ်ပုံပြင်ဆရာ လာဖွန်တိန်းရဲ့ *ကုလားအုတ်* ပုံပြင် လေးကိုပြောပြချင်ပါတယ်။
လူတစ်ယောက်က ကုလားအုတ်တစ်ကောင်ကို စတွေ့တော့ ဘာကောင်ကြီးလဲဟ ဆိုပြီးထွက်ပြေးသွားပါသတဲ့။
ဒုတိယတစ်ယောက်ကျတော့ သိပ်မကြောက်တော့ဘူး။ အနားနားကပ်ပြိး ဟိုပွတ်ဒီသပ်နဲ့လုပ်ပါသတဲ့။
တတိယတစ်ယောက်ကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီးဖမ်းဖို့တောင် ကြိုးစားလာပါသတဲ့။
လူတွေမှာလည်း ဒီလိုပါပဲ။ ရင်းနှီးကျွမ်းဝင်လွန်ရင် အလေးမထားဂရုမစိုက်ပဲ စော်ကားမော်ကားအပြုအမူတွေပါ လုပ်လာတတ်ပါတယ်။ အရောဝင်လျှင် အရိုအသေတန်ပါတယ်။ လူရင်းဆိုလျှင် အထင်မကြီးကြပါဘူး။ ကိုယ့်အနားမှာရှိနေတဲ့ တန်ဖိုးရှိတဲ့အရာတွေကို တန်ဖိုးမထားပဲ နေတတ်ကြပါတယ်။ နီးလွန်းလျှင်မမြင် ဆိုတဲ့ဆိုရိုးစကားတွေဟာ ဒီလိုကိစ္စတွေကို သတိပြုမိနိုင်ဖို့ ပြောခဲ့ကြတာဖြစ်ပါတယ်။ ကဲ…ဟုတ်ပါပြီ။ ကျွန်တော်တို့ရော ကိုယ့်အနားမှာရှိနေတဲ့သူရဲ့ တန်ဖိုးကိုမမြင်တာ၊ ကိုယ့်အနားမှာရှိနေတဲ့သူထက် တစ်ခြားလူကိုပိုအရေးပေးနေတတ်တာ၊ ရင်းနှီးလွန်းလို့ မခန့်လေးစားလုပ်မိတာ တွေ ဘယ်လောက်များနေပါပြီလဲ။ ကိုယ့်သူငယ်ချင်းတွေအရင်းတွေထက် တစ်ခါမှမမြင်ဖူးတဲ့ သူတွေကို ပိုအရေးပေးနေတာ၊ ကိုယ့်ချစ်သူထက် သူ့ သူငယ်ချင်းကောင်မလေး/ကောင်လေး ကို ပိုအလေးပေးနေမိတာ၊ ကိုယ့်မိသားစုအိမ်တွင်းရေးတောင် ၀င်မကူညီပဲ သူတစ်ပါးအိမ်ကျမှ ဟိုဟာထလုပ် ဒိဟာထလုပ် အစွမ်းပြနေတတ်တာ မျိုးတွေ ဘယ်လောက်များခဲ့ပါပြီလဲ။
ကိုယ့်အနားမှာရှိတဲ့လူတွေကို ပစ်မထားပါနဲ့။ ရင်းနှီးလွန်းလို့ဆိုပြီး အားမနာပါးမနာ လုပ်ချင်ရာမလုပ်ပါနဲ့။ ပြောမနာဆိုမနာဆိုတဲ့ ရင်းနှီးမှုမျိုးမှာတောင် အကန့်အသတ်ရှိတတ်တယ်ဆိုတာကို အမြဲသတိရပါ။
အခုချိန်ကစပြီး ကိုယ့်အနားမှာရှိနေတဲ့သူတွေကို တန်ဖိုးထားတတ်ပြီး မလိုအပ်တဲ့နာကျင်စရာတွေမပြုမူမိအောင် ဂရုစိုက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။


သွေးခန့်
(22/9/2011)

No comments:

Post a Comment