အဖေနဲ့အမေ အိမ်ထောင်ကျခါစက လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှုမှာ
ဤဖောင်တိန်လေးသာ ဖြစ်ပါသည်။ မိဘများ (ကျွန်တော့် ဘိုးဘွားများ)က
သဘောမတူကြသဖြင့် ရှမ်းပြည်နယ်ဘက်သို့ ထွက်ခွာလာခဲ့ကြသော အညာသူအညာသား
အဖေနှင့်အမေတို့၏ အိမ်ထောင်ဦးဘ၀ကို ဤဖောင်တိန်လေးဖြင့်
စတင်တည်ဆောက်ခဲ့ပါသည်။ ကျွန်တော်မှတ်မိစပြုလာသောအရွယ်မှာပင်
ဤဖောင်တိန်လေးဖြင့် ရုံးစာပေါင်းများစွာကို မှင်ခံစက္ကူခံ၍ ကူးရေးနေခဲ့သော
အဖေ့ပုံရိပ်ကို မှတ်မိနေခဲ့ပါသည်။ ရုံးစာရေးခြင်း၊ လက်မှတ်ထိုးခြင်းနှင့်
အခြားစာမျိုးမျိုးရေးခြင်းများတွင်လည်း ဤဖောင်တိန်လေးကိုပင်
အဖေသုံးစွဲခဲ့ပါသည်။ လစာထုတ်ပြီးချိန်တွင်လည်း ပိုက်ဆံများထည့်ထားသော
အဖေ့အိတ်ထောင်ထဲတွင် ဤဖောင်တိန်လေးမှာ ၀ံ့ကြွားစွာ တွယ်ချိတ်ပါလာတတ်ပါသည်။
ကျွန်တော်တို့၏ မိသားစုဘ၀ကို ဤဖောင်တိန်လေးသက်သက်ဖြင့်
တည်ဆောက်နိုင်ခဲ့သည်တော့ မဟုတ်ပါ။ ၀န်နှင့်အားမမျှသော အချိန်များလည်း
ရှိခဲ့ဖူးပါသည်။ ထိုအချိန်တွင်မူ အဖေသည် ဤဖောင်တိန်လေးကို ခေတ္တချထားပြီး
ဓား၊ ပေါက်တူးတို့ကို ကိုင်စွဲ၍ တောင်ယာအလုပ်ကို လုပ်ခဲ့ရဖူးပါသည်။ အဖေသည်
မိရိုးဖလာတောင်သူလယ်သမားအလုပ်ကို မလုပ်ချင်ခဲ့၍ အစိုးရ၀န်ထမ်းဘ၀ကို
ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ၀န်နှင့်အားမမျှသည့်အချိန်တွင်မူ
အဖေသည် သူ မချစ်သောအလုပ်ကို အောင့်ကာနမ်းခဲ့ရပါသည်။
ထိုမျှမကသေးပါ။ ဝေးလံခေါင်သီလှသည့် တောင်ရိုးများပေါ်တွင်နေထိုင်ကြသော
ပလောင်ဝ်လူမျိုးများထံသို့ အစားအသောက်၊ အသုံးအဆောင်များကို
ပလိုင်းဖြင့်လွယ်ပိုး၍ ပင်ပန်းဆင်းရဲခံကာ သွားရောက်ရောင်းချရင်း
မိသားစုဝင်ငွေရှားဖွေဖွေခဲ့သော အမေ့၏ ကျောပြင်များလည်း ပါဝင်ပါသေးသည်။
ကျွန်တော့်ဘ၀တွင် စာထဲမှာပင်ဖတ်ခဲ့ဖူးသော ရျွှေကျင်ခြင်းအလုပ်ကို
လုပ်ကိုင်ခဲ့သည့် အမေ့၏လက်များလည်း ရှိပါသေးသည်။ မည်သို့ပင်ဖြစ်စေ
ကျန်းမာရေးမကောင်းချိန်၊ ရာသီဥတုမကောင်းချိန်များတွင်
ငွေကြေးလည်ပတ်နိုင်ရန်အတွက် အခြားသူများ၏ယုံကြည်မှုကိုမူ အဖေ့ဖောင်တိန်လေးက
အာမခံပေးနိုင်ခဲ့ပါသည်။ ဤဖောင်တိန်လေးဖြင့်ပင် အဖေသည် ကျွန်တော်အပါအ၀င်
သားသမီးခြောက်ယောက်ကို ပညာတတ်များဖြစ်စေခဲ့ပါသည်။ ဘာမှမရှိသည့်ဘ၀မှ
ကိုယ်ပိုင်အိမ်ယာ၊ ငွေကြေးဖြင့်နေနိုင်အောင် တည်ဆောက်နိုင်ခဲ့ပါသည်။
ထို့ပြင် မြေးမြစ်များကပါ အားကိုးချစ်ခင်ရသော အဘိုး၊ အဘွားများအဖြစ်ကိုလည်း
ရယူနိုင်ခဲ့ပါသေးသည်။
အဖေ့ဖောင်တိန်လေးကို ကျွန်တော်ယူကစားသည်ကိုမြင်တိုင်း အဖေက * ငါ့ဘ၀ကို
ဒိဖောင်တိန်နဲ့ စခဲ့တာ* ဟု အမြဲပြောခဲ့သည်ကို ကျွန်တော့်နားထဲတွင်
ကြားယောင်နေဆဲဖြစ်ပါသည်။ အဖေနှင့်အမေမှ ကျွန်တော်တို့ကို
ပေးနိုင်ခဲ့သောအမွေမှာ ပညာ တစ်ခုတည်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့အတွက်လည်း
ထို့ထက်ပို၍ မလိုအပ်ပါ။ အဖေကိုယ်တိုင် ပညာနှင့်ရင်း၍ မိသားစုဘ၀တစ်ခုကို
အောင်မြင်စွာထူထောင်ပြနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော့်အတွက်မူ
နောက်ထပ်အမွေတစ်ခု ရခဲ့ပါသေးသည်။ ၎င်းအမွေမှာ အဖေ့၏ဖောင်တိန်လေးပင် ဖြစ်ပါသည်။
သို့သော် ကျွန်တော်အမြတ်တနိုး သိမ်းဆည်းထားခဲ့သော အဖေ့၏ဖောင်တိန်လေးမှာ
ကျွန်တော်အိမ်နှင့်ခွဲခွာနေရစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ အဖေ့ဖောင်တိန်လေးမှ ကူးစက်နေခဲ့သောအားမာန်များသည်
ကျွန်တော့်ရင်ထဲတွင် ရှင်သန်နေဆဲပင်ဖြစ်ပါသည်။
*ကြွက်သေတစ်ခု အရင်းပြု၍* မည်သို့ သူဌေးဖြစ်အောင်လုပ်ဆောင်ခဲ့မှန်း
ကျွန်တော်မတွေးတတ်ပါ။ သို့သော် အဖေသည် ဖောင်တိန်တစ်ချောင်းကို အရင်းပြု၍
သူ၏ဘ၀အား လျှောက်လှမ်းနိုင်ခဲ့သည်ကို ကျွန်တော် သေသေချာချာ သိပါသည်။
အဖေ့၏ဖောင်တိန်လေးသည် ပျောက်ဆုံးသွားချိန်အထိ ကျွန်တော့်ကို
သင်ခန်းစာပေးနေဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဖေ့၏ဖောင်တိန်လေး
ပျောက်ဆုံးသွားကြောင်းသိလိုက်ရပြီးမှပင် ကျွန်တော်တို့ဘ၀တစ်လျှောက်တွင်
ငွေကြေးဖြင့်တန်ဖိုးဖြတ်၍မရသော တန်ဖိုးထားရမည့်အရာများရှိနေကြောင်း
ပိုမိုနားလည်လာခဲ့ရ၍ ဖြစ်ပါသည်။ ထို့ပြင် ထိုအရာများကိုလည်း ပို၍မြင်တတ်၊
တန်ဖိုးထားတတ်လာခဲ့သောကြောင့်ပင် ဖြစ်ပါသည်။
သွေးခန့်
No comments:
Post a Comment