သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: သို့...အတိတ်ကာလများ...

Saturday, May 26, 2012

သို့...အတိတ်ကာလများ...

ကျုပ်ပြန်မလာတော့ဘူး...
ငယ်ချစ်ဦးကို နှုတ်ဆက်ကြောင်းပြောလိုက်ပါ
အရာရာဟာ လွန်လေခဲ့ပြီးသော နုပျိုမှုများနှင့်အတူ
သင်ခန်းစာယူစရာတွေနဲ့သာ နစ်မြုပ်ခဲ့ပါစေတော့။

လက်ခုပ်သံတွေရှိသလို
ပက်လက်မျောရမယ့် တံတွေးခွက်တွေရှိတယ်
အတူနေရခြင်းမှာ...ကွေကွင်းရခြင်းမှာ...
ချစ်သောသူလား..မချစ်သောသူလား...
မူတည်ကွဲပြားတယ်။

အောက်ကိုထိုင်ကျသွားတဲ့ အမှုန်တွေခြင်းအတူတူ
မလိုချင်ရင် အနည်
လိုချင်ရင်   အနှစ်
ဒုက္ခဖြစ်တယ်ဆိုတာ
လိုချင်တာ..မလိုချင်တာနဲ့ ဆိုင်တယ်။

ခင်ဗျားဟာ
အနာဂတ်မှာ ကျုပ်ဆီပြန်လာလိမ့်ဦးမယ်ဆိုတာ သိတယ်
အရင်လိုမဟုတ်တဲ့ ပုံစံနဲ့...
လာသာလာခဲ့ပါ..
ကျုပ် မအောင် သမိုင်းသင်ထားတယ်။

ကျုပ်ပြန်မလာတော့ဘူး
ခင်ဗျားရဲ့ အုတ်ဂူမှာ သွားလေသူ လို့ ကမ္ဗည်းထိုးခဲ့မယ်...
ခင်ဗျားရဲ့အိမ်မှာ ကျုပ်ရဲ့ပူဆွေးခြင်းတွေအပြည့်နဲ့
လောင်ကျွမ်းပြီးသား ဖယောင်းတိုင် (၂၄) တိုင်ရှိတယ်
နောက်ပြီး...
ခင်ဗျား ဆီအမြဲလာနေရတာ...
ခင်ဗျားအကြောင်း အမြဲတွေးနေရတာ မောတယ်..။

ကဲ..စကားကလည်း ကောင်းတယ်
အချိန်လည်း လင့်တော့မယ်
ပြောလိုက်ဗျာ..
အားလုံးကိုနှုတ်ဆက်တယ်..
ကျုပ်ပြန်မလာတော့ဘူးလို့။      ။

သွေးခန့်
(9/10/2011)

No comments:

Post a Comment