သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: အကောင်းဆုံးကိုသာလိုချင်သူများသို့

Saturday, May 26, 2012

အကောင်းဆုံးကိုသာလိုချင်သူများသို့

အသိုက်လေးတစ်ခုထဲမှာ ငှက်လေးတစ်ကောင်ရှိတယ်။ ပျံသန်းနိုင်တဲ့ အတောင်တွေလည်း သူ့မှာရှိတယ်။
ဒါပေမယ့် သူမပျံရဲခဲ့ဘူး။ ဒီအသိုက်အမြုံလေးကပဲ လုံခြုံတယ်။ ထွက်ပြီး ပျံသန်းလိုက်လို့ မတော်တဆများ
ပြုတ်ကျသွားခဲ့ရင်လို့ တွေးကြည့်ရုံနဲ့တင် ထိတ်လန့်ဖို့ ကောင်းလွန်းတယ်။

ကျွန်တော်တို့မှာလည်း ဒီလိုပဲ။ လူတွေမှာ ကိုယ်ပိုင်အစွမ်းအစတွေရှိကြတယ်။ စွမ်းအားတွေရှိကြတယ်။
ထုတ်မသုံးဖူးတော့ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာတောင် မသိခဲ့ကြဘူး။ လက်ရှိအနေအထားလေးမှာ
မျှောလိုက်နေရတာဟာ လုံခြုံတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လိုချင်တာတွေကို လက်လွှတ်ခဲ့ကြရတယ်။

ငါလုပ်နိုင်မှာ မဟုတ်ဘူး။ ငါလုပ်နိုင်မယ် မထင်ဘူး။ ငါနဲ့မတန်ပါဘူး။ ဒီတော့ ဘာဖြစ်လဲ သင်လိုချင်တာကို
မရနိုင်ဘူးပေါ့။ သင်ကိုယ်တိုင်က သင်လိုချင်တဲ့အရာဟာ သင်နဲ့မထိုက်တန်ဘူးလို့ ထင်နေသ၍တော့
ဘယ်တော့မှ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး။

သင်ဟာလည်း တစ်ခြားသူတွေလို လူသားတစ်ယောက်ပါပဲ။ တစ်ခြားလူတွေ အကောင်းဆုံးတွေ ပိုင်ဆိုင်ကြသလို
သင်ဟာလည်း ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ပထမဆုံး သင့်ကိုယ်ကိုယ် အကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်လို့ ယုံကြည်ပါ။
ဒုတိယ သင်လိုချင်နေတဲ့ အကောင်းဆုံးဆိုတာကလည်း ရနိုင်တယ်လို့ ယုံကြည်ပါ။ တတိယ သင်လိုချင်တာကို
ရအောင်လုပ်နိုင်တယ်လို့ ယုံကြည်ပါ။

အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်လိုနိမ့်ကျခဲ့နိမ့်ကျခဲ့ အခုအချိန်ကစပြီး သင်ဟာ အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်ဆိုတာကို လက်ခံလိုက်ပါ။ သင်ရနိုင်သမျှ အကောင်းဆုံးတွေကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ရယူပိုင်ဆိုင်လိုက်ပါ။

နောက်ဆုံးအနေနဲ့ သင်ဟာ အခုထိ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးတွေနဲ့ထိုက်တန်ကြောင်း မယုံကြည်သေးရင်တောင်မှ
သင်ဟာ အကောင်းဆုံးတွေနဲ့ထိုက်တန်တဲ့ လူတစ်ယောက်လို့ ကျွန်တော်ကတော့ တကယ်ယုံကြည်နေပါတယ်။


သွေးခန့်

No comments:

Post a Comment