ဆိုကြပါစို့…
ကျုပ်ဟာ ခင်ဗျားလို့
ခင်ဗျားဖို့ ရသမျှတွေ
ကျုပ်ကို ဘာမဆိုမျှဝေမှာလား။
ခင်ဗျားဆီကနေ
ဘာတွေမဆို ကျုပ်ယူသုံးခွင့်ရှိမလား။
ခင်ဗျားရဲ့အလုပ်တွေပျက်
အနေအစားတွေပျက်
ဘာအတွက်မဆို ကျုပ်အကူအညီတောင်းလို့ရမလား။
ခင်ဗျားဆီကနေ
ကျုပ်အတွက်လိုချင်တာတွေယူ
အပြန်အလှန်မကူညီဘူးဆိုရင် ဖြစ်မလား။
ခင်ဗျား ကျုပ်ကိုပေးခဲ့သမျှတွေအတွက်
ကျေးဇူးတစ်စက်မှမတင်ချင်ဘူးဆိုရင် အဆင်ပြေနိုင်မလား။
ခင်ဗျားဆီက ယူခဲ့၊ ရခဲ့သမျှကို
ကျုပ်အတွက် အခွင့်အရေးလိုသဘောထားမယ်ဆို ခွင့်ပြုနိုင်မလား။
ခင်ဗျားပိုင်ဆိုင်သမျှတွေ
လိုက်လျောသမျှတွေကို…
ကျုပ်လိုသလို စိတ်ကြိုက်ယူသုံးတဲ့အခါ
ခင်ဗျား ဒေါသမထွက်ပဲနေမှာလား။
ကျုပ်အကြိုက်ကို ဆယ်ခါလိုက်စမ်းပါ
ခင်ဗျားတစ်ခါမလိုက်တာနဲ့
ကျုပ်ရဲ့ရန်သူဖြစ်စေရမယ်
ခင်ဗျားကျေအေးလွယ်မှာလား။
မရှိတာထက် မသိတာခက် သတဲ့
ဆိုကြပါစို့…
ခင်ဗျားဟာ ကျုပ်လို့…
ကျုပ်ဖို့ရနေသမျှတွေ
ခင်ဗျားကို မျှဝေနေတဲ့အခါ
ရပိုင်ခွင့်မဟုတ်တာ သတိရစမ်းပါ…။
သွေးခန့်
(23/9/2011)
No comments:
Post a Comment